Home / Back

ကျည်ပွေ့ အတက်ပေါက်

(စကားပုံ)

ကျည်ပွေ့မှ အတက်ပေါက်သည် ဆိုသကဲ့သို့ မည်သို့မျှ အောင်မြင်မှုမရနိုင်ဟု အထင်ခံရသူသည် မယုံနိုင်လောက်အောင် ဖြစ်ထွန်းသွားသည်။ ရှေးအခါ ပုဂံပြည်တွင် နရသီဟပတေ့ မင်းလက်ထက် အသက်ခြောက်ဆယ်ကျော်ရွယ်မှ ရဟန်း ပြုသော ရဟန်းကြီးတစ်ပါးသည် စာပေသင်ရန် ကံ့ကူဆံ အလှူခံမည်ဟု နန်းတော်သို့ ကြွလာ၏။ မင်းက မေးမြန်း လျှောက်ထားရာ စာပေသင်ရန် ကံ့ကူဆံ အလှူခံလို၍ လာကြောင်း ဖြေကြား၏။ မင်းက ရဟန်းကြီးအား ကျည်ပွေ့ အတက်ပေါက်မှ စာပေတတ်တော့မည်ဟု ပြက်ရယ်စကား ဆိုလိုက်၏။ ရဟန်းကြီးသည် ထိုအခါ မှစ၍ သဒ္ဒါ၊ သင်္ဂြိုဟ် ကျမ်းများကို နေ့စဉ် အပတ်တကုတ် လေ့လာသင်ကြားရာ မကြာမီ ကျမ်းတတ်တစ်ဆူ ဖြစ်လာသည်။ တစ်နေ့သ၌ ရဟန်းကြီးသည် ကျည်ပွေ့၌ သစ်ခက်သစ်ညွန့် စည်း၍ နန်းတော်သို့ဝင်ကာ ကျည်ပွေ့အတက်ပေါက်ပြီဟု မင်းအား ပြောဆိုလေ၏။