Home / Back

ဖွတ်မရ ဓားမ ဆုံး

(စကားပုံ)

ဖွတ်လည်းမရ၊ ဓားမလည်း ဆုံးသကဲ့သို့ ရည်မှန်းသည်ကို မရသည့်အပြင် ရင်းနှီး စိုက်ထုတ်ထား သမျှပါ ဆုံးရှုံးရသည်။ ရှေးအခါက သူဆင်းရဲတစ်ယောက်သည် ဓားမတစ်ချောင်းကို စွဲကိုင်လျက် ဟင်းလျာရှာရန် ထွက် ခဲ့သည်။ မြစ်ဆိပ်အနီး တောင်ပို့တစ်ခုသို့ ရောက်သော် တောင်ပို့ အတွင်းသို့ ဖွတ်ကြီးတစ်ကောင် ပြေး ဝင်သွားသည်ကို မြင်သဖြင့် တောင်ပို့အဝကို တူး၍ စောင့်နေလေသည်။ ဖွတ်ကြီးသည် ထိုအပေါက်မှ မထွက်ဘဲ အခြား တစ်ပေါက်မှ မြစ်ထဲသို့ ပြေးဆင်းသွားသည်ကို သူဆင်းရဲ မြင်လေလျှင် ဓားမဖြင့် လှမ်းပေါက် လိုက်လေရာ ဖွတ်ကိုမထိဘဲ ဓားမသာ မြစ်ထဲသို့ ကျသွားလေသည်။