(စကားပုံ)
အိုးတော်ဆက်သရန် ရည်မှန်းပြုလုပ်သမျှအိုးကြီးများသည် ဖုတ်စဉ်ကပင်မကျက်သကဲ့သို့ အကြံ ကြီး ကြံ၍ ဆောင်ရွက်သမျှသည် စကတည်းက ကောင်းမွန်သေချာခြင်းမရှိ ဖြစ်သည်။ရှေးအခါက ဗာရာဏသီပြည်တွင် ခဝါဖွပ်ခြင်းဖြင့် ကြီးပွားချမ်းသာလာသော ခဝါသည်တစ်ဦးကို အိုးထိန်းသည်က မနာလိုသဖြင့် ပြည့်ရှင်မင်းထံဝင်၍ ဘုရင်၏ဆင်တော်ကို ဆင်ဖြူတော် ဖြစ်အောင် ခဝါသည်အား ဖွပ်စေရန် တင်လျှောက်လေ၏။ ခဝါသည်လည်း အိုးထိန်းသည်၏ အကြံကို သိရှိသ ဖြင့် မင်းကြီးအား ဆင်တော်ကို ဖြူအောင် ပေါင်းတင်၍ဖွပ်ရန် ဖျဉ်းအိုးသာ ပေးသနားတော်မူပါဟု မင်းကြီးအား လျှောက်ထားသည်။ ထိုအခါ ဘုရင်သည် အိုးထိန်းသည်အား အိုးတော်ကြီးပြုလုပ်ဆက် သရန် မိန့်ကြားသည်။ အိုးထိန်းသည် ဆင်နှင့်တန်အောင် အိုးကြီးလုပ်၍ ဆင်ကိုဝင်စေသော် ဖျဉ်းအိုး ကြီးကွဲလေလျှင် ထပ်မံ၍ အကြိမ်ကြိမ်ကြိုးပမ်းပါသော်လည်း အိုးများကို ခိုင်ခံ့ကျက်နပ်အောင် မလုပ် ဆောင်နိုင်သဖြင့် ပျက်စီးရလေသည်။